SCIENCE DAILY MYANMAR • 🚀 Exploring Science & Tech • 🐍 UPDATED DAILY •
SEARCH
×
2026-01-11 2 min read

Mandela Effect: မှတ်ဉာဏ်အတုလား... စင်ပြိုင်စကြဝဠာရဲ့ ဟာကွက် (Glitch) လား?

မိတ်ဆွေ ငယ်ငယ်က ကြည့်ဖူးတဲ့ Pokémon ကာတွန်းထဲက "Pikachu" (ပီကာချူး) အရုပ်လေးကို မျက်လုံးထဲ ပြန်မြင်ယောင်ကြည့်ပါ။ သူ့ရဲ့ အမြီးဖျားလေးက ဘာအရောင်လဲ?

The Mandela Effect

Mandela Effect: မှတ်ဉာဏ်အတုလား... စင်ပြိုင်စကြဝဠာရဲ့ ဟာကွက် (Glitch) လား? မိတ်ဆွေရဲ့ အတိတ်က တကယ်ရော အစစ်အမှန် ဟုတ်ရဲ့လား?

မိတ်ဆွေ... ခဏလောက် အာရုံစိုက်ပြီး စဉ်းစားပေးပါ။

မိတ်ဆွေ ငယ်ငယ်က ကြည့်ဖူးတဲ့ Pokémon ကာတွန်းထဲက "Pikachu" (ပီကာချူး) အရုပ်လေးကို မျက်လုံးထဲ ပြန်မြင်ယောင်ကြည့်ပါ။ သူ့ရဲ့ အမြီးဖျားလေးက ဘာအရောင်လဲ?

အနက်ရောင်လေး အစွန်းနားမှာပါ နေတယ်လို့ မြင်ယောင်နေမိသလား?

အဖြေက "မဟုတ်ပါဘူး"။ Pikachu ရဲ့ အမြီးဖျားမှာ အနက်ရောင် လုံးဝမပါပါဘူး။ အမှီးအဖျား က အဝါရောင် ကြီးပါ။

ဒါဆို နောက်တစ်ခု ထပ်မေးမယ်။ "Snow White" ပုံပြင်ထဲက စုန်းမကြီး မှန်ကိုကြည့်ပြီး မေးတဲ့စကားကို မှတ်မိလား။ "Mirror, Mirror on the wall" လို့ ထင်နေတယ်မလား? တကယ်တော့ မဟုတ်ပါဘူး။ မူရင်းရုပ်ရှင်ထဲမှာ "Magic Mirror on the wall" လို့ ပြောသွားတာပါ။

ဒါဆို နောက်တစ်ခု ထပ်မေးအုံး မယ်။ ကျွန်တော်တို့ ငယ်ငယ်က ကစားခဲ့ကြတဲ့ Monopoly (မိုနိုပိုလီ) ဂိမ်းထဲက သူဌေးကြီးပုံကို မျက်လုံးထဲ ပြန်မြင်ယောင်ကြည့်ပါ။ ဝတ်စုံပြည့်နဲ့၊ ဦးထုပ်ဆောင်းထားပြီး... သူ့မျက်လုံးမှာ "Monocle" လို့ခေါ်တဲ့ မျက်မှန်ဝိုင်း တစ်ဖက်တည်း တပ်ထားတာ ပါသလား?

"ပါတာပေါ့... သေချာတာပေါ့" လို့ ဖြေချင်နေတယ်မလား?

အဖြေက "မဟုတ်ပါဘူး"။ Monopoly သူဌေးကြီး မှာ မျက်မှန် (Monocle) လုံးဝ မပါပါဘူး။ (သူ့တစ်သက်လုံး မတပ်ခဲ့ဖူးပါဘူး)။

မိတ်ဆွေ တစ်ယောက်တည်း မှားနေတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က သန်းနဲ့ချီတဲ့ လူတွေဟာ မိတ်ဆွေလိုပဲ အတူတူ မှားပြီး မှတ်မိနေကြပါတယ်။ ဒီလို လူအများကြီးက အဖြစ်အပျက်တစ်ခုကို တက်ညီလက်ညီ မှားယွင်းပြီး မှတ်မိနေတဲ့ ဖြစ်စဉ်ကို "The Mandela Effect" လို့ ခေါ်ပါတယ်။

ဒါဆို ဘာလို့ "Mandela" လို့ ခေါ်တာလဲ?

၂၀၁၀ ဝန်းကျင်လောက်မှာ Fiona Broome ဆိုတဲ့ အမျိုးသမီးက သူ့ရဲ့ အွန်လိုင်းဘလော့ဂ်မှာ ထူးဆန်းတဲ့ မေးခွန်းတစ်ခု မေးခဲ့တယ်။ "တောင်အာဖရိက ခေါင်းဆောင်ကြီး Nelson Mandela ထောင်ထဲမှာ ဆုံးပါးသွားတာကို မှတ်မိကြလား?" ဆိုပြီးပေါ့။

အံ့ဩစရာကောင်းတာက လူပေါင်းများစွာဟာ Mandela ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ထောင်ထဲမှာပဲ ဆုံးသွားတယ်၊ သူ့ရဲ့ ဈာပနကိုတောင် တီဗီမှာ ပြလိုက်သေးတယ်လို့ "အသေအချာ" ပြောကြတယ်။ တကယ်တမ်းမှာတော့ Mandela ဟာ ထောင်က လွတ်လာတယ်၊ သမ္မတ ဖြစ်လာတယ်၊ ၂၀၁၃ ခုနှစ်ကျမှ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဒါဆိုရင်... ဘာလို့ လူတွေသန်းချီပြီး မဖြစ်ခဲ့တဲ့ အတိတ်တစ်ခုကို အတူတူ မှတ်မိနေကြတာလဲ?

သိပ္ပံပညာရှင်တွေရဲ့ အမြင် (Our Brain is Not a Video Recorder)

ကျွန်တော်တို့က ကိုယ့်ဦးနှောက်ကို ဗီဒီယိုကင်မရာ တစ်လုံးလို ထင်တတ်ကြတယ်။ အဖြစ်အပျက်တွေကို အတိအကျ ရိုက်ကူးသိမ်းဆည်းထားတယ်လို့ ယူဆကြတယ်။

တကယ်တော့ ဦးနှောက်ဟာ "Wikipedia Page" တစ်ခုနဲ့ ပိုတူပါတယ်။ မိတ်ဆွေက အတိတ်က အကြောင်းအရာတစ်ခုကို ပြန်စဉ်းစားလိုက်တိုင်း အဲ့ဒီ Wikipedia စာမျက်နှာကို ဖွင့်ဖတ်သလိုပါပဲ။ ဒါပေမဲ့ ထူးခြားတာက ပြန်ပိတ်လိုက်တိုင်းမှာ မိတ်ဆွေရဲ့ လက်ရှိခံစားချက်၊ ပတ်ဝန်းကျင်က သတင်းအချက်အလက်သစ်တွေနဲ့ ရောပြီး အဲ့ဒီစာမျက်နှာကို "Edit" (ပြင်ဆင်) လုပ်ပြီးမှ ပြန်သိမ်းလိုက်တာပါ။

ဒါကို ပညာရပ်အရ "False Memory" (မှားယွင်းသော မှတ်ဉာဏ်) သို့မဟုတ် "Confabulation" လို့ ခေါ်ပါတယ်။ ဦးနှောက်က ဟာကွက်တွေကို သူ့ဘာသာ ဖြည့်စွက်ရင်း တခြားလူတွေရဲ့ ပြောစကားတွေပါ ရောနှောပြီး အမှန်တရားအသစ်တစ်ခု ဖန်တီးလိုက်တာမျိုးပါ။

ဒဿနနဲ့ ရူပဗေဒ အမြင် (Are We Living in Parallel Universes?)

ဒါကတော့ နည်းနည်း ရင်ခုန်စရာကောင်းတဲ့အပိုင်းပါ။ သိပ္ပံပညာရှင်တချို့နဲ့ တွေးခေါ်သူတွေကတော့ ဒီကိစ္စကို ဦးနှောက်ရဲ့ ချို့ယွင်းချက်သက်သက် မဟုတ်ဘူးလို့ ယူဆကြတယ်။

"Multiverse Theory" (စင်ပြိုင်စကြဝဠာ သီအိုရီ) အရ ကျွန်တော်တို့နဲ့ အပြိုင်သွားနေတဲ့ ကမ္ဘာတွေ အများကြီး ရှိနိုင်တယ်။

ကမ္ဘာ (A) မှာ Nelson Mandela ထောင်ထဲမှာ ဆုံးသွားတယ်။

ကမ္ဘာ (B) မှာ Nelson Mandela သမ္မတ ဖြစ်လာတယ်။

သီအိုရီအရ ကျွန်တော်တို့ရဲ့ ဝိဉာဉ် (သို့) သိစိတ်ဟာ ကမ္ဘာတစ်ခုနဲ့ တစ်ခုကြား ခုန်ကူးမိတဲ့အခါ အရင်ကမ္ဘာက မှတ်ဉာဏ်တွေ ပါလာတတ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် မိတ်ဆွေက Pikachu အမြီးကို အနက်ရောင်လို့ မှတ်မိနေတာဟာ မိတ်ဆွေ မှားနေတာ မဟုတ်ဘဲ၊ မိတ်ဆွေဟာ အမြီးအနက်ရောင်ရှိတဲ့ ဟိုဘက်ကမ္ဘာ (Parallel Universe) ကနေ ဒီဘက်ကို ရောက်လာတာများလား?

နိဂုံးချုပ်

Mandela Effect ဟာ ဦးနှောက်ရဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်ဖြစ်၊ စင်ပြိုင်စကြဝဠာရဲ့ သက်သေပဲ ဖြစ်ဖြစ်... သေချာတာတစ်ခုကတော့ "ကျွန်တော်တို့ ထင်နေတဲ့ အမှန်တရား (Reality) ဆိုတာ ကျွန်တော်တို့ ထင်သလောက် မခိုင်မာဘူး" ဆိုတာပါပဲ။

ဒါကြောင့် နောက်တစ်ခါ သူငယ်ချင်းတစ်ယောက်နဲ့ အတိတ်ကအကြောင်း ငြင်းခုံမိရင် သိပ်ပြီး သဘောထား မတင်းမာလိုက်ပါနဲ့။ သူပြောတာလည်း မှန်ချင်မှန်မယ်၊ မိတ်ဆွေကလည်း တခြားကမ္ဘာက ရောက်လာတာ ဖြစ်ချင်ဖြစ်မယ်လေ...။

SOURCES REFERENCE

Fiona Broome: The paranormal consultant who coined the term "Mandela Effect" in 2009. Elizabeth Loftus: Famous psychologist known for her work on "False Memories" and the misinformation effect.

MandelaEffect #ParallelUniverse #PsychologyFacts #Mystery #SciFiVibes #QuantumPhysics #ဗဟုသုတ #စိတ်ပညာ #MyanmarTechCommunity